ချောင်းဆုံ ဇွန် ၃
ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဖြစ်ပွားတတ်သည့် ဆစ်ပိုး၊ ခရု စသည့် စပါးဖျက် ပိုးမွှားများအန္တရာယ်မှ တောင်သူဦးကြီးများ ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ကညှော်ကျေးရွာခန်းမတွင် မိုးစပါးပိုးမွှားရောဂါ ကြိုတင်ကာကွယ်ခြင်း နည်းပညာပေးသင်တန်းနှင့် ဟောပြောပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးစပါးနှင့် ရာသီစိုက်ပျိုးသီးနှံများ အရည်အသွေးပြည့်မီကာ အထွက်နှုန်း ပိုမိုတိုးတက်လာစေရန်၊ စပါးနှင့်သီးနှံများတွင် ကျရောက်တတ်သည့် ခရု၊ ဆစ်ပိုးနှင့် အခြားပိုးမွှားများ ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ငြိမ်းငြိမ်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်နှင့် မြို့နယ် သီးနှံကာကွယ်ရေး တာဝန်ခံတို့မှ သင်တန်းပို့ချဆွေးနွေးခဲ့သည်။
အဆိုပါ ပိုးမွှားများအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းပညာပေးသင်တန်းနှင့် ပညာပေးဟောပြောပွဲကို ဇွန် ၂ ရက်နေ့က သက္ကောကျေးရွာတွင် ပြုလုပ်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြားကျေးရွာများသို့လည်း ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)