ဝေါမြို့တွင် ကျောင်းသား/ကျောင်းသူများအား အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဝေါ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့တွင် အထကဝေါအရှေ့ဖက်ကမ်းကျောင်း၌ အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်း KG  မှ Grade 5 အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယမန်နေ့နံနက်  ၉:၀၀ နာရီမှစတင်၍ အခြေခံပညာကျောင်း (၁၃၀) ကျောင်း၊ ဘုန်းတော်ကြီးသင်ဘကကျောင်း (၉) ကျောင်း စုစုပေါင်း (၁၃၉) ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူ မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝေါမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ (၂၂၀၀၀)ဦးအား သက်ဆိုင်ရာကျောင်းများတွင် စုရပ်များပြုလုပ်ပြီး ဌာနဆိုင်ရာများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေရာချထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

အောင်မြတ်လင်း