သာယာဝတီ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက သာယာဝတီမြို့ရှိ အ.ထ.က (၁)သာယာဝတီ၊ အ.ထ.က(သုံးဆယ်) ကျောင်းများသို့ ရောက်ရှိကွင်းဆင်းလှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ အလှူငွေများထောက်ပံ့ပေးအပ်ခြင်း၊ အဆိုပါကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
လက်ရှိအခြေအနေတွင် သာယာဝတီမြို့၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)