လှိုင်းဘွဲ စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တခင်းလုံကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က တခင်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးတိုးတက်လာစေရန် ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း မိခင်နှင့်ကလေးများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ( MCCT ) ထောက်ပံ့ငွေများကို ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော အိမ်ထောင်စုများအတွက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
တခင်းလုံကျေးရွာအတွင်း တတိယအကြိမ်နှင့်စတုတ္ထအကြိမ်(MCCT) အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် (၂)ဦး၊ ကလေး(၄၀)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၁၈၉၀၀၀၀)ကျပ် ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)