ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂နှစ်ထိ ကျောင်းသား၊ ကျောင်းသူများ ၁၂၆၅ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပေါင်းတည် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က မြို့မအ.ထ.ကနှင့် အ.ထ.ကပေါင်းတည် (ပညာရတနာခန်းမ) ဆေးထိုးစုရပ်နေရာများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက ဆေးထိုးနှံမည့် ကျောင်းသားကျောင်းသူလေးများအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Sinopharm ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

မြို့နယ်အတွင်း အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ကျောင်းသူ ရည်မှန်းဦးရေ ၉၂၂၀ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူ ၁၂၆၅ ဦး ရှိကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသူများအား သတ်မှတ်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးဆင့်