ကျုံပျော် ဇွန် ၃
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေဆုံးမှု လျှော့နည်းရေးအတွက် အသက်အရွယ် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် စုစုပေါင်း (၂၆၈၁)ဦး ကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဇွန်လ ၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း(၃၀)တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကာ၊ ယနေ့တွင်လည်း ဆေးထိုးဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဆေးထိုးနှံပြီး ကလေးငယ်များအားလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု အဆင်ပြေစေရေးအတွက် ဆေးမထိုးမီ ကြိုတင်သတိပြုရမည့်အချက် (၉)ချက်ကိုလည်း မိဘပြည်သူများ သိရှိစေရန် ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် နှိုးဆော် ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတို့ရှိ အုပ်ချုပ်ရေးနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက် ပေးလျက်ရှိကာ၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ခြင်း၊ ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိခြင်း မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက်ဖြစ်ပွားမှုမှ တားဆီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)