ဒေးဒရဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်မာရေးဦးစီး ဌာနနှင့် မြို့နယ်ပညာရေးဌာန ဝန်ထမ်းများ ပူးပေါင်း၍၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၉၄၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံမည့် အသက်(၅)နှစ်မှ (၁၂)နှစ် ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာ ကျောင်း(၂၈)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၉၂၅)ဦး ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း