ပွင့်ဖြူ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများ နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ နွေနှမ်းစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ၆၀၉၂၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရကာ ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သဖြင့် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုအခါ တောင်သူများ စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်၍ တောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမား ငှားရမ်း၍ စတင် ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ဒေသမှာ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိတဲ့ နွေနှမ်းစိုက်ခင်းတွေဟာ စိုက်ပျိုးရေလုံလောက်စွာ ရရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်လို့ တောင်သူတွေက စတင်ရိတ်သိမ်းနေကြပြီ ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေကတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နွေစပါးနဲ့ နွေနှမ်း (၂)မျိုးလုံး စိုက်ပျိုးပါတယ်။ ဒီနှစ်က ဆည်ရေ အဝင်နည်းတဲ့အတွက် နွေနှမ်းအတွက်ပဲ စိုက်ပျိုးရေပေးဝေနိုင်တာကြောင့် နွေနှမ်းနဲ့ အခြား နွေသီးနှံကို စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။ နွေနှမ်းစိုက်ခင်းတွေ စတင်ရိတ်သိမ်းရာ၌ တောင်သူတွေက နွေနှမ်းစိုက်ခင်းတွင် မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားတွေကို ငှားရမ်းပြီး ရိတ်သိမ်းနေကြတာဖြစ်လို့ ကျေးရွာတွေက နေ့စားအလုပ်သမားတွေလည်း နေ့စဉ် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ နွေနှမ်းကတော့ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်နဲ့ ဆင်းရတနာ - ၄ နှမ်းမျိုးတွေကို စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒီနှစ် နွေနှမ်းအထွက်နှုန်းအနေနဲ့ တစ်ဧကကို (၁၅)တင်းဝန်းကျင် ထွက်ရှိမယ်လို့တော့ ခန့်မှန်းထားပါတယ်။ နှမ်းဈေးအနေနဲ့က လက်ရှိ နှမ်းဖြူတစ်တင်းကို ငွေကျပ် (၅၀၀၀၀၊ ၅၅၀၀၀)လောက် အရောင်းအဝယ် ရှိပါတယ်။ တစ်ခြား စမုံနက်နဲ့ သိပ္ပံနှမ်းနက်ကတော့ နှမ်းဖြူထက် ဈေးပိုကောင်းပါတယ်။ ကျွန်တော်တို့ဒေသက တောင်သူတွေဟာ ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီးတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နွေနှမ်းကို အဓိကထား စိုက်ပျိုးကြပြီး စိုက်ပျိုးရေနဲ့ ရာသီဥတု မျှတကောင်းမွန်မှုကြောင့် နှစ်စဉ်နှစ်တိုင်း နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလည်း ကောင်းပါတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူ ဦးကျော်ဆန်းက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )