လေးမျက်နှာ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရေနောက်ကျေးရွာအုပ်စု ရေနောက်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက ရေနောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိုးကျေးဇူးများ၊ ကျေးလက် နေပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခွင့်ရသော ရေနောက်ကျေးရွာတွင် ဆောင်ရွက်မည့် စီမံကိန်းအကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ရမည့်အချက်များကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်ခုနှစ်ဦးကို ဆန္ဒမဲစနစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ အဆိုပါကျေးရွာတွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို နိုင်ငံတော်မှ ငွေကျပ်သိန်း ၃၀၀ မတည်ပေးခြင်းဖြစ်သော ကြောင့် ကျေးလက်ဒေသရှိ ဆင်းရဲမှုကို လျှော့ချလာနိုင်မည်ဖြစ်သည်။
လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်ကျေးရွာအပါအဝင် စီမံကိန်း ကျေးရွာ ၁၂ ရွာထိရှိလာ ပြီဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)