လူကုန်ကူးမှု ဆိုသည်မှာ အရွယ်မရောက်သေးသာ ကလေးငယ်များ၊ အရွယ်ရောက်ကစ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးငယ်လေးများကို ရောင်းကုန်များသဖွယ် တစ်နိုင်ငံမှ တစ်နိုင်ငံ ရောင်းဝယ် ဖောက်ကား နေကြခြင်းကို ဆိုလိုသည်။
လူကုန်ကူးမှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ ဆင်းရဲမွဲတေမှု၊ ကြွေးမြီမဆပ်နိုင်မှု၊ စာပေ မတတ်မြောက်မှု၊ ပညာရေး အဆင့်အတန်းနိမ့်ကျမှု၊ ရွေ့ပြောင်း အလုပ်အကိုင်များနှင့် ပတ်သက် ၍ အန္တရာယ်ရှိမှုများကို မသိရှိမှု၊ လူကုန်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်သူတို့အတွက် အမြတ်အစွန်း များများ ရရှိမှုတို့က လူကုန်ကူးမှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။
မြန်မာနိုင်ငံမှ အခြေခံလူတန်းစားများသည်။ ကနဦးအစတွင် ကြွေးမြီပြဿနာနှင့် မိသားစုစားဝတ် နေရေး အဆင်မပြေခြင်းတို့ကြောင့် တစ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ စသော နိုင်ငံများသို့ ရွေ့ပြောင်း အလုပ်သမားများအဖြစ် အလုပ် လုပ်ကိုင်ရာတွင် ပွဲစားများက အလုပ် သမားများ အလုပ်ရရှိရေးအတွက် ဆက်စပ်ပေးရာမှ လူကုန်ကူးမှုများ ဖြစ်ပေါ်လာတော့သည်။
ဤသို့ဖြင့် အခြားနိုင်ငံများတွင် မြန်မာအလုပ်သမားများ တရားဝင်နှင့် တရားမဝင် ရွေ့ပြောင်း လုပ်ကိုင်ကြသည့် လုပ်ငန်းများမှာ ငါးလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ သစ်စက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပလပ်စတစ်စက် ရုံလုပ်ငန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတို့တွင် လုပ်ကိုင်ကြရသည်။
ပြည်ပနိုင်ငံများသို့ အထင်ကြီးစိတ်ဖြင့် စူးစမ်း ဆင်ခြင် လေ့လာခြင်းမရှိဘဲ ဖြတ်လမ်းလိုက်၍ အလုပ်ရှာ ထွက်နေသူများ ရှိနေသမျှ ကာလပတ်လုံး အနိဌာရုံ မြင်ကွင်းများကို မလွဲမသွေ မြင်တွေ့ နေကြရဦး မည်။ ထိုကြောင့် လူကုန်ကူးမှု၏ နည်းပရိယာယ်အား တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ချင်သူများသိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။
ထိုသို့ ခေတ်သစ်ကျွန်သဖွယ် အသုံးချခံနေရသည့် လူကုန်ကူးမှုအား ထိရောက်စွာ တားဆီးခြင်း၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရာက်စွာ အရေးယူခြင်း၊ လူကုန်ကူး ခံရသူများဘက်မှ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်သော ပညာပေးခြင်းဆိုင်ရာ အကောင်ဆုံး နည်းလမ်းများကို ပြည်သူလူထုသို့ မြင်သာအောင် ချပြနိုင်ခြင်းနှင့် ဤအဖြစ်ဆိုးမှ လွတ်မြောက်နိုင်ရေး အတွက် မိမိရေမြေသဘာဝ၊ မိမိအမျိုးဘာသာ သာသနာကို ချစ်တတ်ခင်တတ် မြတ်နိုးလေးစားတတ် လာအောင် လူငယ်လူရွယ်ကလေးများအား ဆွေးနွေးစည်းရုံး၍ လက်ဆင့်ကမ်း အမွေပေးရပါ တော့မည်။ ထိုကြောင့် လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးအောင် ပြည်သူလူထု တစ်ရပ်လုံး ထိရောက် စွာ ဝိုင်းဝန်းတားဆီး ကြရတော့မည် ဖြစ်ပါတော့သည်။
ဇေယျာထက် ( မင်းဘူး )