ဘိုကလေး ဇွန် ၃
ရပ်ရွာနေအမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အပိုဝင်ငွေရရှိစေရေးတို့ကို ရည်ရွယ်ကာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ လဝိုင်းကျွန်းအရှေ့ ကျေးရွာတွင် ဇွန်(၂)ရက်နေ့ ညနေပိုင်းမှစတင်၍ ရပ်ရွာအခြေပြု အမျိုးသမီးစက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားသည်။
အဆိုပါ သင်တန်းအား ဇွန်(၂)ရက်နေ့မှ ဇွန်(၃၀)ရက်နေ့အထိ ဖျာပုံခရိုင်၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ နည်းပြဒေါ်ဝင်းဝင်းနုမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဒေသခံအမျိုးသမီး (၂၀)ဦး တက်ရောက်ကြကြောင်း၊ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျာပုံခရိုင်၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်စိုးစိုးမူမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝေလှိုင်မှ ၎င်းတို့အဖွဲ့၏ လှုပ်ရှားဆောင်ရွက် အခြေအနေများအား ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် အမျိုးသမီးစက်ချုပ်သင်တန်းအတွက် စက်၊ ပိတ်၊ ကတ်ကြေး၊ ချည် အပါအဝင် သင်ထောက်ကူပစ္စည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကူညီပေးပြီး သင်တန်းတွင် ထူးချွန်သူအား အပ်ချုပ်စက်(၁)လုံး ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသားများအတွက် သင်တန်းကာလ စရိတ်များအားမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)