ဒေးဒရဲမြို့၌ ငါးသယံဇာတထိန်းသိမ်းရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေသယံဇာတ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန်၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးမျိုးမပြုန်းတီးရေးနှင့် စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဒေးဒရဲ-ဖျာပုံ ကားလမ်းမရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ ဖျာပုံခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ငါးသယံဇာတထိန်းသိမ်းရေး မြေစိုက်ပိုစတာအား စုပေါင်းစိုက်ထူခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ဥပဒေများ၊ ဖောက်ဖျက်ကျုးလွန်ပါက ကျခံရမည့် ပြစ်ဒဏ်များနှင့် ငါးမွေးမြူခြင်းဆိုင်ရာဥပဒေများ စသည့် အကြောင်းအရာများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း