စစ်ကိုင်း စက်တင်ဘာ ၆
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းရတနာပုံ တံတားကြီးအဆင်း မြို့ဝင် စစ်ဆေး ဂိတ်၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း မပါလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။
"ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်လမ်းမကြီးပေါ်ကနေ ခရီးသွားလာနေကြတဲ့ ပြည်သူတွေကို နှာခေါင်းစည်း တပ်ဆင်စေဖို့နဲ့ နှာခေါင်းစည်း မပါလာပါက နှာခေါင်းစည်းများကို ကိုယ်တိုင် တပ်ဆင်ပေးပြီး အခမဲ့ဖြန့်ဝေပေးနေပါတယ် အခုလိုဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ လျော့နည်းလာမှာပါ တစ်ဦးချင်းစီ ကျန်မာရေး အသိတွေရရှိအောင်လည်း အချိန်ပြည့် လှည့်လည် နှိုးဆော်ပေးနေပါတယ် " ဟု စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးစိုးမိုးနိုင်က ပြောပြ၍ သိ ရသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရှိ ပရဟိတ အဖွဲ့များ၊ တစ်ခြားအလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးတို့မှလည်း လူစည်ကားသည့် အချက်အခြာကျ သည့်နေရာများတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ လက်သန့်ဆေးရည်များ ဆေးပေးခြင်းနှင့် နှာ ခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိကြကြောင်းသိရသည်။
ဇော်မြင့်နိုင် (ခရိုင် ပြန်/ဆက်)