မယ်စဲ့ စက်တင်ဘာ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ပြည်ပမှ ပြန်လာသူများအား စစ်ဆေးလက်ခံခြင်း၊ ပြည်တွင်း ခရီးသွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က နမ့်မန်းစစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ်တို့တွင် တာဝန်ကျနေသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းမြင့်နှင့် ကော်မတီဝင်များက နမ့်မန်းနှင့် မယ်ဆည်နမ် ပူးပေါင်းစစ်ဆေးရေးဂိတ် နှစ်ဂိတ်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ တစ်ဂိတ်လျှင် ၁၆ ရက်စာ ငွေကျပ် ၂၈၀၀၀၀ ကို တာဝန်ကျ ဝန်ထမ်းများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးကာ ထိုင်းနိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများရှိနေသဖြင့် စနစ်တကျ စိစစ်ကြပ်မတ် စစ်ဆေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)