ချောက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နေ့လယ်(၂) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၀င် များ၊ မြို့မဈေးကော်မတီ၀င်များတက် ရောက်ခဲ့ကြသည်။
ယင်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုး၀င်းတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၀င်းက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းအကြောင်းများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင်လက်ရှိမြို့မဈေး၏အပြင်ရှိ ပျံကျဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ ပျံကျဈေးဆိုင်ခန်း (၆၀၀)ရှိသည့်အနက် COVID-19 ရောဂါကာကွယ် ထိန်းချုပ်မှု အနေဖြင့် (၄)ပေ ပတ်လည် ပျံကျဈေး ဆိုင်ခန်းတစ်ဆိုင်နှင်တစ်ဆိုင် (၆)ပေခြား သတ်မှတ်ထားရှိပြီး တစ်နေ့လျှင် အလှည့်ကျဆိုင်ခန်း(၂၀၀)သာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိရောင်းချရန် ဈေးရောင်းချမှုများတွင် စည်းစနစ်ကျမှု ရှိ/မရှိတို့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ(၇)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ မြို့နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၀င်အဖွဲ့တို့က လိုက်လံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍လည်း ယင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများမှ မိမိတိုနေထိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူများ ရှိလာပါက မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့သို့ အလေးထားကာ ဆက်သွယ်အကြောင်းကြားရန်တို့အား ဝိုင်း၀န်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မချို(ပြန်/ဆက်)