ငါးသိုင်းချောင်းမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ငါးသိုင်းချောင်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးသိုင်းချောင်းမြို့ရှိ ကျုံတာကျေးရွာ(အ-လ-က)၊ (အ-ထ-က)ငါးသိုင်းချောင်း၊ အ-မ-က ရေတံခွန်ကျောင်းများသို့ ရောက်ရှိကွင်းဆင်းလှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ အလှူငွေများထောက်ပံ့ပေးအပ်ခြင်း၊ အဆိုပါကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် ငါးသိုင်းချောင်းမြို့၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ခြင်းကို မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိူတော်ဆောင်အဖွဲ့များက ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)