ကန်ကြီးထောင့်မြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

ကန်ကြီးထောင့်   စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံမင်းက မဲဆွယ်စည်းရုံးရေးနှင့် ပက်သက်သော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် ဆောင်ရန် ၊ ရှောင်ရန်များကို ရှင်း လင်းဆွေးနွေးပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များဖြစ်ကြသည့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က နိုင်ငံရေးပါတီများ ကြော်ငြာဆိုင်းဘုတ်စိုက်ထူရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားများနှင့် ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရီရီခင်မှ မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမည့် လမ်းညွှန်ချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)