ပွင့်ဖြူ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားနေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ အသက်(၁၂)အတွင်း ကျောင်းသားကျောင်းသူများကို ကျန်းမာရေးဝန်ထမ်းများက ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲ၍ မြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ) အခြေခံပညာကျောင်း (၁၆၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၃)ကျောင်းတို့မှ အသက်(၅)နှစ်မှ အသက်(၁၂)အတွင်း ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၁၃၁၄၀ ဦး လျာထား ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်(၂)ရက်နေ့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့က ပွင့်ဖြူမြို့(အ.ထ.က)ကျောင်း၊ ရှောက်တောကျေးရွာ(အ.ထ.က)ကျောင်း၊ ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်း၊ လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်း၊ ကျောင်းတော်ရာကျေးရွာ(အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း၊ ရွာခိုင်ကျေးရွာ(အ.ထ.ကခွဲ)ကျောင်း၊ လှည်းကြီးကျေးရွာ (အ.မ.က)ကျောင်းတို့မှ ကျောင်းသားကျောင်းသူ ၁၀၉၇ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
"ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပွင့်ဖြူမြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ ) အခြေခံပညာကျောင်းပေါင်း (၁၆၆)ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်းကို ဇွန်(၂)ရက်နေ့ကစပြီး ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားပေးနေပြီဖြစ်ပါတယ်။ အဲဒီလို ကျောင်းဖွင့်လှစ်ပညာသင်ကြားရာ၌ ကျောင်းသားကျောင်းသူတွေ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူတွေကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း တစ်ပြိုင်နက်တည်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို တစ်မြို့နယ်လုံး အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်း ကျောင်းသား ကျောင်းသူဦးရေပေါင်း ၁၃၁၄၀ ဦး လျာထား ထိုးနှံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းများအလိုက် ပညာသင်ကြားရာတွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနဲ့အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းဝန်းကျင်လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာနယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )