ကျုံပျော် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး၊ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုကို လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်သည် အ.ထ.က(၁) အောင်ဆန်းခန်းမအတွင်း၌ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုကာ ကလေးငယ်များနှင့် မိဘများအား နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသိပ္ပံစမ်းသပ်ခန်းသို့ သွားရောက်ကြည့်ရှုရာ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်က သိပ္ပံခန်းသုံးပစ္စည်းများအား လိုက်လံရှင်းလင်းပြသပြီး၊ ဝန်ကြီးချုပ်သည် ကျောင်းတွင် အသုံးပြုရန် စာအုပ်နှင့် စာရေးကိရိယာများ၊ Mask ၊ လက်သန့်ဆေးဗူးများနှင့် အလှူငွေများကို ကျောင်းအုပ်ဆရာကြီထံသို့ ပေးအပ်လှူဒါန်းကာ၊ ကျောင်းနေအရွယ် အလေးများအားလုံး ကျောင်းအပ်နှံ၍ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ကိစ္စရပ်များကို ပညာရေးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ကျုံပျော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ်များအတွက် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို ဇွန်လ ၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၃၀)ရှိ ကလေးငယ်ပေါင်း (၂၆၈၁)ဦးတို့အား စတင်ထိုးနှံ ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက် ဖြစ်ပွားမှုမှ တားဆီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)