ကမမောင်း ဇွန် ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဇွန်လ(၂)ရက်နေ့မှစ၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကမမောင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူများအားကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်များကို သတ်မှတ်စုရပ်ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေအား ကမမောင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းကျော်သူနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဖာပွန်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၃၃၄)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ(၁၁၂၈)ဦး၊ မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူ(၄၅၉၅)ဦး စုစုပေါင်းကျောင်သား၊ ကျောင်းသူ (၆၀၅၇)ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကမမောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့က ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား၊ ကျောင်းသူ(၁၆၅)ဦးရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)