တာမိုးညဲ စက်တင်ဘာ ၅
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တာမိုးညဲမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖများတွေ့ဆုံဆွေးနွေးညှိနှိုင်းသည်။
ရှေးဦးစွာ တာမိုးညဲမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်က “တာမိုးညဲမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်များကို ပြည်သူလူထုများအနေဖြင့် စနစ်တစ်ကျ လိုက်နာဆောင်ရွက်ပြီး နေထိုင်သွားလာရန်အတွက် တာဝန်ရှိသူများ က ကြပ်မတ် ဆောင်ရွက်ရန်နှင့် (Home Quarantine)ထားရှိသည့် မြို့များမှ တာမိုးညဲမြို့သို့ ပြန်လည်ရောက်ရှိလာသူများကို (Quarantine Centre)မှာ စောင့်ကြည့်ထားရှိ နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ပရဟိအသင်းအဖွဲ့များနှင့် အလှူရှင်များ ဝိုင်းဝန်းပူးပေါင်းပြီး ရွေးချယ် ဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး တာမိုးညဲမြို့၊ တိုက်နယ်ဆရာဝန်ကြီးဒေါက်တာရှိန်ဌေးက အခြားဒေသအရပ်ရပ်မှ မိမိဒေသသို့ ပြန်လည်ရောက်ရှိ လာသူများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ အကြောင်းကြားပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး တို့ထံမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)