ချောင်းဦး ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်ရှိ ဧရိပ်မွန်(၂) မိဘမဲ့ မိန်းကလေးကျောင်းသို့ ယမန်နေ့ နေ့လယ် ၁နာရီ အချိန်က ကွင်းဆင်း၍ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကျောင်းသူလေးများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့်အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်သောင်းနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းရေးသွင်းသည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင် ဦးဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များ ပူးပေါင်းပြီး ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၁နှစ်၊ အသက်၁၂နှစ်မှ ၁၅နှစ် အရွယ်ရှိ ကျောင်းသူ ၂၇ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဧရိပ်မွန်(၂) မိဘမဲ့ မိန်းကလေးကျောင်းတွင် နေထိုင်ပညာသင်ကြားနေသည့် အသက် ၅နှစ်မှ ၁၁နှစ် အရွယ်ရှိ ကျောင်းသူ ၁၈ ဦးအား Sinopharn ကာကွယ်ဆေး ပထမအကြိမ်အဖြစ်လည်းကောင်း၊ အသက် ၁၂နှစ်မှ ၁၅ နှစ် အရွယ်ရှိ ကျောင်းသူ ၉ဦးအား မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် Myancopharn ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကျောင်းများဖွင့်လှစ် ပညာသင်ကြားနေသည့် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများသို့ ကွင်းဆင်း၍ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ရောဂါကင်းစင် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးရန် စီစဥ်ထားကြောင်း၊ ကျောင်းပြင်ပ အသက် ၁၅ နှစ်မှ ၁၇နှစ် အရွယ် ကလေးငယ်များအတွက် Myancopharn ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)