ရှမ်းရွာသစ် ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်မ စ၍ ကွီးလေးကျေးရွာတွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ဒေသနေပြည်သူ(၂၂)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ဩဂုတ်လမှစတင်ထိုးနှံပေးလျက်ရှိပြီး မြို့အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် ဒေသနေပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ရာနှုန်းပြည့်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ပူးပေါင်း၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)