ရှမ်းရွာသစ် ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးဦးကျကာလ၌ စတင်ထွက်ရှိသော စားသုံးမှုများပြီးလူကြိုက်များသည့် ရာသီပေါ်အစားအစာနှစ်ရှည်ပင်ဒေသထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ၍ ဒေသနေပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါနှစ်ရှည်သီးနှံပင်ဒူးရင်းပင်သည် ရာသီဥတုနှင့်သဘာဝတောတောင်ရေမြေအနေအထားအရ သဘာဝအတိုင်းတော်တောင်ခြံမြေများ၍ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်ဒူးရင်းသီးသီးနှံပေါ်ချိန်တွင် ဒေသခံဒူးရင်းခြံရှင်တောင်သူများ ဝင်ငွေများစွာရရှိလျက်ရှိရာ ယခင်နှစ်တွင် အသီးအရွယ် အစားပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၃၀၀၀)မှ (၅၀၀၀)နှုန်းဖြင့် ရောင်းဝယ်ကြပြီး ယခုနှစ်တွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်အထိ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရှိ မဲသမူးကျေးရွာ၊ တရီးဖိုးကွီးကျေးရွာနှင့် ဝါးမီးကလားကျေးရွာရှိ ဒူးရင်းသီးများမှာ တောတောင်ခြံမြေများအတွင် သဘာဝအတိုင်းသာ စိုက်ပျိုးရှင်သန်ကြီးထွားဖြစ်ထွန်းမှုကြောင့် စားသုံးသူများစွာ ကြိုက်နှစ်သက်လေ့ရှိပြီး နှစ်စဉ်ရောင်းဝယ်မှုများ ပိုမိုအားကောင်းကာ ယခုအချိန်ရောက်ပြီဆိုရင် ဒူးရင်းစိုက်ပျိုးသူများနှင့် ရောင်းဝယ်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အကျိုးအမြတ်များစွာ ရရှိချိန်လည်းဖြစ်ကြောင်း မဲသမူးကျေးရွာမှ ဒူးရင်းသီးစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)