ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ် မှ ၁၂ နှစ်အထိရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ချောင်းသာ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ် မှ ၁၂ နှစ်အထိရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သည်များ ဖြည့်ဆည့်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ၅ နှစ်မှ ၁၂ နှစ်အထိရှိ ကျောင်းသား/ ကျောင်းသူများအား မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး အခြေခံပညာမူလတန်းကျောင်း (၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁)ကျောင်းနှင့် (အ-ထ-က)ချောင်းသာမှ အလယ်တန်းကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၉၉၇)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)