လွိုင်ကော် ဇွန် ၃
ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်မှစ၍ စတင်ဖွင့်လှစ်ရာ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား /သူများ အေးချမ်းပျော်ရွင်စွာဖြင့် စတင်ကျောင်းတက်၍ ပညာသင်ယူလျက်ရှိသည်။
ပြည်နယ်အတွင်းတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ ဇွန် ၂ ရက်နေ့မှစတင်ကာ ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ရှားတော ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးတွင် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား ၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက ၎င်းတို့၏ သား၊သမီး၊ ကျောင်းသား ၊ ကျောင်းသူများအား ကျောင်းများသို့ စောင့်ရှောက်လိုက်ပါပို့ဆောင်ပေးလျက်ရှိကြပြီး ပညာရေးဌာနရှိတာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများက ကျောင်းဝင်းအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာကြိုတင် ကာကွယ်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားခွင့်နှင့် သင်ယူခွင့်ရရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
ထို့အပြင် ကယားပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌လည်း အသက်(၅)နှစ် မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်၍ ကျောင်းသား မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးလျက် ရှိသည်။
ပညာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သည့်နေ့များတွင်လည်း ထပ်မံ၍ လာရောက်ကျောင်းအပ်နှံသော ကျောင်းသား ၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)