ညောင်တုန်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း အလျား(၁၄၀)ပေ၊ အနံ(၃၀)ပေရှိ သိရိဧရာ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးလွင်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဌေးလွင်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးကျော်သိန်းတို့က သီရိဧရာ နှစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ယာယီခန်းမဆောင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားကာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဌေးလွင်က ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး တာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းက လက်ခံရယူကာ ကျောင်းအကျိုးတော်ဆောင် ဦးကျော်သိန်းက ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)