အိမ်မဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

အိမ်မဲ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း အဘိတ်ခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများတွင် သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်မွန်စေရေးတို့ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ မြို့နယ်အတွင်း အခြေခံပညာကျောင်း(၂၀၀)မှ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူ (၁၈၉၂၅)ဦးရှိ၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံကြဖို့ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ ပညာရေးဝန်ထမ်းများ အလေးထား ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအကြီးအကဲများ နယ်မြေကျော် ခရီးသွားပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြားကာ ခွင့်စာတင်ကြရန်၊ မြို့နယ်အတွင်း သက်သာသောစျေးနှုန်းဖြင့် ဓာတ်မြေသြဇာ ဝယ်ယူရေးကိစ္စအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ဖျားနာသော လူနာများရှိပါက အိမ်တွင်ကြိတ်မကုစေပဲ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသကြရန်၊ အခြေခံပညာကျောင်းများတွင် ကျောင်းလုံခြုံရေး အလေးထားဆောင်ရွက်၍ CCTV ကင်မရာများ တတ်ဆင်ကြရန်၊ ဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာများသို့ ကွင်းဆင်းကာ စိုက်ပျိုးရေး ကိန်းဂဏန်းမှန်ကန်စေရေး ဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ဆောင်ရွက်ရန်နှင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)