စစ်ကိုင်းမြို့နယ်တွင် မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး (၇)သွားစက်ထယ်ဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်)ကျွေးခြင်း ကွင်းသရုပ်ပြသပေး

စစ်ကိုင်း ဇွန် ၃

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများအား မြေဆီလွှာဖွံ့ဖြိုးရေး (၇)သွားစက်ထယ်ဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်)ကျွေးခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကုန်းရွာကျေးရွာ တောင်သူဦးချိုဝင်း၏ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်ဦးက မိမိတို့ဌာနအနေဖြင့် ကျေးရွာစိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးနည်းပညာများ၊ သက်ဆိုင်သည့် မျိုးစေ့များကို ထောက်ပံ့ပေးလျက်ရှိပြီး သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်းများကိုလည်း စဉ်ဆက်မပြတ် ပြသပြုလုပ်ဆောင်ရွက်ပေးနေကြောင်း၊ ယခုလည်း သစ်စိမ်းမေဩဇာ(ပိုက်ဆံလျော်)စိုက်ပျိုး ပြီး မြေဆွေးပြုလုပ်သုံးစွဲနည်းကို စက်ထယ်များဖြင့် လက်တွေ့ပြသပေးခြင်းဖြစ်ကြောင်း နောက်စိုက်ပျိုးမည့် သီးနှံများအထွက်နှုန်းကောင်း၍ မိသားစုလူမှုဘဝဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် တောင်သူများက မရှင်းလင်းသည်များ ကိုမေးမြန်းကြရာ မြို့နယ်ဦးစီးမှူးနှင့် တိုက်နယ်နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ တိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများ၊ မိတ်ဖက်ဌာနများမှ တာဝန်ခံများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)