မယ်စဲ့မြို့နယ်တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မယ်စဲ့  ဇွန်  ၃

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား မိဘများ၏ သဘောတူညီချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ အခြားရောဂါ ရှိ/မရှိ မေးမြန်းခြင်းနှင့် အောက်ဆီဂျင်၊ လူနာတင်ယာဉ်တို့ကိုပါ စနစ်တကျပြင်ဆင်ထားရှိကာ မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြုဆရာမများ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဂရုဏာရှင်ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းတို့က လာရောက်ကြည့်ရှုခဲ့ပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်