ဖားဆောင်း စက်တင်ဘာ ၅
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား EPI ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေး ဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယိုရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် EPI ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် လာရောက်သည့် မိခင်နှင့်ကလေးများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် လက်ကိုစနစ်တကျဆေးကြောစေရန် လက်ဆေး ဘေစင်များထားရှိခြင်း၊ Hand gel အသုံးပြုစေခြင်း၊ နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းနှင့် လူစုလူဝေး မဖြစ်စေရေး (၅)ဦး တစ်ကြိမ် စနစ်တကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)