ဆော စက်တင်ဘာ ၅
အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များ အား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်(ပီစီဘီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)