ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

ဖျာပုံ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး အသက် (၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ (၂)ရက်နေ့နံနက် (၉)နာရီအချိန်က စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆေးထိုးစုရပ်များ ထားရှိ၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆေးထိုးစုရပ်များထားရှိပြီး အသက် (၅) နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဖျာပုံခရိုင်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းများတွင် ကျောင်းအပ်နှံထားမှုဇွန်လ (၁)ရက်နေ့အထိ ဖျာပုံမြို့နယ်တွင် (၄၆၀၂၄)ဦး၊ ကျိုက်လတ်မြို့နယ်တွင် (၃၁၆၉၉)ဦး၊ ဒေးဒရဲမြို့နယ်တွင် (၂၉၄၂၅)ဦး၊ ဘိုကလေးမြို့နယ်တွင် (၄၆၆၅၀)ဦး စုစုပေါင်းကျောင်းအပ်နှံထားပြီးသည့် ကျောင်းသား၊ ကျောင်းသူ (၁၅၃၇၉၈)ဦးဖြစ်ကြောင်း ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)