အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်

အိမ်မဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်း (၂၀၀)တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းလာရောက်အပ်နှံသူ (၃၂၆၀၆)ဦးရှိပြီး အဆိုပါ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ က သွားရောက်ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အ​ခြေခံပညာကျောင်းပေါင်း (၂၀၀)တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူ (၁၈၉၂၅)ဦးအား ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းမှစ၍ ထိုးနှံပေးရာ နေ့လယ် ၁၂ နာရီအချိန်ထိ (၁၂၁၅) ဦးအား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

“အသက် (၅နှစ်မှ (၁၂) ထိ ကိုဗစ်ကာကွယ်ဆေးများကို ကျောင်းတွေမှာ ထိုးပေးရတာကတော့ ရပ်ကွက်ကျေးရွာ အသီးသီးမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်ဆိုရင် ကျောင်းသား/သူတွေက ဆေးထိုးစုရပ်ကို လာရပါတယ်။ အဲ့ဒီမှာ ဆေးထိုးစုရပ်ဝေးတာတို့ မလာနိုင်တာတို့ဖြစ်မှာစိုးတဲ့ အတွက် ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းသား/သူ အသက်(၅)နှစ်မှ (၁၂)နှစ်အထိကို ကျောင်းဆေး ထိုးစုရပ်လုပ်ပြီး ကာကွယ်ဆေးများ ထိုးပေးခြင်းဖြစ်ကြောင်း” အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဦးကျော်မင်းနောင်ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)