ဖြူး ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာတက်ရောက်သင်ကြားလျက်ရှိရာ ယခင်ပညာသင်နှစ်ထက် ကျောင်းသား/သူ ဦးရေများပြားကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အ.ထ.က(၁၄)ကျောင်း၊ အ.ထ.ကခွဲ(၉)ကျောင်း၊ အ.လ.က(၁၂)ကျောင်း၊ အ.လ.ကခွဲ(၃၀)ကျောင်း၊ မူလွန်(၁၅၁)ကျောင်း၊ အ.မ.က(၇)ကျောင်း၊ အ.မ.ကခွဲ(၇)ကျောင်း စုစုပေါင်းကျောင်းပေါင်း(၂၃၀)တွင် အထက်တန်းအဆင့်(၂,၆၈၅)ဦး၊ အလယ်တန်းအဆင့်(၁၀,၁၅၃)ဦး၊ မူလတန်းအဆင့်(၂၈,၁၉၉)ဦး စုစုပေါင်း( ၄၁,၀၃၇ )ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့ပြင်ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိပြီး အခြေခံပညာကျောင်းပေါင်း(၂၃၀)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စုရပ်(၁၀)ခုတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်းသိရသည်။
အဆိုပါ ဖြူးမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များက ဖြူးမြို့နယ်ရှိ အမှတ်(၁)၊(၂)၊(၃) အခြေခံပညာအထက်တန်းကျောင်းများ၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာ အထက်တန်းကျောင်းများသို့ သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ထက် တက်ရောက်ပညာသင်ကြားသူ ကျောင်းသား/ သူဦးရေ ပိုမိုများကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)