မြိတ် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဘက်စုံအဆင့်မြင့် နည်းပညာ သုံးစံပြကျေးရွာများရှိ တောင်သူများအား အသိပညာပေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြိတ်မြို့နယ် ဝန်မယ်ကျေးရွာတွင် တောင်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများတွင် ရာသီစိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုတိုးတက်ရရှိစေရန်၊ ထွက်ရှိလာသော အသီးအနှံများ အရည် အသွေးပြည့်မီစေရန်၊ အစားအစာနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေပြီး လုပ်သားများကျန်းမာရေးဆိုင်ရာ စိတ်ချလုံခြုံမှု ရရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝသာယာဝပြောစေမှုကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးနှင့် မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းများ၊ သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်းနင်းခြင်းနည်းပညာများနှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ရွေးချယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်နှင့် တာဝန်ရှိသူများက တောင်သူများအား အသိပညာပေးပြောကြားပြီး တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာကို မြိတ်ခရိုင်တွင် မြိတ်မြို့နယ်၌ ဝန်မယ်ကျေးရွာတွင် ဇွန်လ(၁)ရက်နေ့နှင့် ကျွန်းစုမြို့နယ်၌ မောင်းလှော်ကျေးရွာတွင် မေလ(၃၁)ရက်နေ့တွင် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ပုလောမြို့နယ်၌ ရှပ်ပုံကျေးရွာ၊တနင်္သာရီမြို့နယ်၌ တမုတ်ချုန်းကျေးရွာတို့အားရွေးချယ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် သီးနှံပုံစံများရေးဆွဲခြင်း၊ မြေဆီလွှာစစ်ဆေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ခြင်း၊ မျိူသန့်ပြောင်းလဲခြင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAPနှင့်အညီ ဆောင်ရွက်ခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်ခြင်း၊ နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )