ဇီးကုန်းမြို့နယ်၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram) ထိုးနှံပေး

ဇီးကုန်း ဇွန်

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မြို့မ)ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် ဆေးထိုးစုရပ်(၄)ခုသတ်မှတ်၍ ဆောင်ရွက်ခဲ့ရာ .ထ.က(မြို့မ)တွင် ၂၃၅ ဦး၊ အ.မ.က-မူလွန် (ဘုရားလမ်းကျောင်း)တွင် ၂၀၅ ဦး၊ အမှတ်(၁)အ.လ.က(ခွဲ)ကျောင်းတွင် ၁၅၀ ဦး၊ အ.ထ.က(ဇီးကုန်း)တွင် ၁၂၀ ဦး စုစုပေါင်း(၇၁၀)ဦးအား  သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram)ကို မိဘများ၏ သဘောတူညီမှုနှင့်ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်နိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ဆရာ၊ ဆရာမများကကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာအုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)