စစ်ကိုင်း ဇွန် ၂
သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇွန်(၂)ရက်၊ နံနက်(၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြိုဆိုပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက ဒီတက္ကသိုလ်ကြီးမှာ တက်ရောက်ခွင့်ရရှိခဲ့ကြတဲ့ မောင်တို့/ မယ်တို့အားလုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မောင်တို့/ မယ်တို့ဟာ မိမိတို့ရဲ့ဝါသနာ၊ ဆန္ဒများနဲ့အညီ တက်ရောက်ခွင့်ရရှိကြပြီဖြစ်တဲ့အတွက် သက်မှတ်စည်းကမ်းများကိုလိုက်နာပြီး သင်ကြားပေးတဲ့ ပညာရပ်တွေ၊ ဘာသာရပ်တွေကို ကြိုးစားသင်ယူသွားကြဖို့လိုကြောင်း၊ သင်ကြားရေးဆရာ/ ဆရာမများအနေနဲ့လည်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ထူးချွန်၊ ထက်မြတ်တဲ့ ကျောင်းသား/ ကျောင်းသူများဖြစ်အောင် ကြိုးစားသင်ကြားပြသပေးသွားကြဖို့လိုကြောင်း၊ မောင်တို့/ မယ်တို့ကလည်း သင်ယူတတ်မြောက်သွားမဲ့ ပညာရပ်တွေနဲ့ မိမိအကျိုး၊ မိမိဒေသအကျိုး၊ မိမိနိုင်ငံတော်ကြီးအတွက် အကျိုးပြုမည့် သားကောင်း/ သမီးမွန်များဖြစ်အောင် ကြိုးစားကြပါလို့ ပြောကြားလိုကြောင်းစသည်ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြားရေးဆရာ/ ဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားပေးခဲ့ကြပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များကို ပါမောက္ခချုပ်ကပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများက လက်ခံရယူပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့်တာ ဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)