မိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ မိုးရာသီသီးနှံစုံ ၅၈၇၀၀၀ ဧကကျော် လျာထားစိုက်ပျိုးမည်

ကန့်ဘလူ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်းသိရသည်။

ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်း သောက်ရေနှင့် မြေအောက်ရေတင်စနစ်များဖြင့် ကန့်ဘလူမြို့နယ်တွင် မိုးရာသီ သီးနှံစုံ ၅၈၇၁၃၂ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်တွင် မိုးရာသီသီးနှံအမျိုးအစားအလိုက် လျာထားဧကများမှာ မိုးစပါးအပါအဝင် နှံစားသီးနှံများ (၂၄၆၂၈၉) ဧကကိုလည်းကောင်း၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ၊ ထောပတ်ပဲ၊ ပဲယင်း၊ အခြားပဲ) ၂၃၆၈၂၆ ဧကကိုလည်းကောင်း၊ ဆီထွက်သီးနှံ ( မြေပဲ၊ နေကြာ) ၅၁၅၉၂ ဧကကိုလည်းကောင်း၊ စက်မှုသီးနှံ ၁၀၃၈၃ ဧကကိုလည်းကောင်း ၊အခြားသီးနှံ ၄၂၀၄၂ ဧကကိုလည်းကောင်း သီးနှံစုံစုစုပေါင်း ၅၈၇၁၃၂ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်သည်။

ယခုနှစ်မိုးရာသီ သီးနှံစုံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက အဆင့်ဆင့်တာဝန်ခွဲဝေ ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်  စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည် အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာပံ့ပိုးပေးနိုင်ရေး၊ နည်းစနစ်များ ဖြန့်ဝေပေးနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် နှစ်ပေါင်းရှည်ကြာစွာ စိုက်ပျိုးလာခဲ့သည့် မျိုးများအစား အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းပြီး စျေးကွက်အလားအလာရှိသည့် မျိုးသစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး တောင်သူများအား စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမင်းဦး(တာဝန်ခံ) က ပြောသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူလယ်သမားများ လူနေမှုဘဝတိုးတက် မြင့်မားရေး၊ စိုက်ပျိုးရေးဗဟုသုတများရရှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် တောင်သူပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန် တောင်သူများလိုက်နာဆောင်ရွက်ရမည့် နည်းပညာများဖြစ်သော သိပ္ပံနည်းကျစိုက်ပျိုးစနစ်၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်မြေဩဇာစနစ်တကျအသုံးပြုရေး၊ သဘာဝမြေဩဇာများ စုဆောင်းအသုံးပြု သုံးစွဲနိုင်ရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးနှင့်ပိုးသတ်ဆေးဖျန်းကိရိယာများ စနစ်တကျကိုင် တွယ်အသုံးပြုနိုင်ရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး စသည်တို့အတွက်လည်း ပညာပေးဆွေးနွေး ဟောပြောခြင်းများကို ကျေးရွာများမှတောင်သူများထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)