ဂန့်ဂေါ ဇွန် ၂
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့မှစတင်၍ တစ်နိုင်လုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းများစတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဂန့်ဂေါမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အ-ထ-က(ခွဲ)ကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အ-လ-က(ခွဲ)ကျောင်း (၃)ကျောင်း၊ မူလတန်းကျောင်း(၂)ကျောင်းနှင့် အ-မ-က(ခွဲ)ကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၇)ကျောင်းကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
ဂန့်ဂေါမြို့နယ်တွင် အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းသား/ကျောင်းသူ(၂၂၅၅)ဦး၊ အလယ်တန်းကျောင်းသား/ကျောင်းသူ(၉၆၄)ဦးနှင့် အထက်တန်းကျောင်းသား/ကျောင်းသူ (၃၅၂)ဦး၊ စုစုပေါင်း(၃၅၇၁)ဦးကို ကျောင်းအပ်လက်ခံ၍ ယနေ့ ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ လုံခြုံမှုရှိစေရန်နှင့် စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ ဆရာ/ဆရာများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ယော)