နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများ မိုးဦးကာလ ပဲတီစိမ်းများ စမ်းသပ်စိုက်ပျိုး

နတ်မောက် ဇွန် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် မိုးဦးကာလ ပဲတီစိမ်းများ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်းနှင့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။

ပဲတီစိမ်းများစိုက်ပျိုးရာတွင် အတန်းလိုက်ဂျောင်းစနစ်ဖြင့် စိုက်ပျိုးကြပြီး အပင်ပေါက်ဖြစ်လာပါက နွားရှဉ်းဖြင့်ဂျောင်းတိုက်ခြင်း၊ မှုန်းခြင်းများ ဆောင်ရွက်ရကြောင်းအပွင့်မပွင့်မီနှင့် အပွင့်ပွင့်၊ သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အားဆေးများပတ်ဖြန်းရကြောင်း၊ ယခုနှစ်တွင် မြေဩဇာနည်းပါးသူ တောင်သူများက နှမ်းလုံးဝမစိုက်ပျိုးကြတော့ဘဲ ပဲတီစိမ်းများကိုသာ အဓိကစိုက်ပျိုးကြကြောင်းသိရသည်။

“ ပဲတီစိမ်းက (၃) လ သက်တမ်းရှိရင် ရင့်မှည့်ပြီး ပဲတီစိမ်းတောင့်အခြောက်တွေကို ကောက်သိမ်းလို့ရပါပြီ၊ ပဲတီစိမ်းတွေရိတ်သိမ်းပြီးရင်တော့ ဆောင်းနှမ်းစိုက်ပျိုးကြမှာဖြစ်ပါတယ်၊ အခုတော့အပင်သက်တမ်း (၁၅) ရက် ကျော်ရှိနေပါပြီ” ဟု ကြုအိုင်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ မသီတာဆွေထံမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ယနေ့ချိန်ထိပဲတီစိမ်းစိုက်ပျိုးပြီးစီးမှု ဧကစုစုပေါင်း ၃၈၅၃ ဧက ရှိပြီဖြစ်ပြီး ယခုနှစ်တွင် မိုးဦးကာလမိုးလေဝသမှန်ကန်သောကြောင့် ပဲတီစိမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။

သင်းသင်းမြတ် (ပြန်/ဆက်)