ဖားဆောင်းမြို့နယ်တွင် အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ဖားဆောင်း ဇွန် ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျောက်းသား/သူများကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန် ကိုဗစ်-၁၉ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်နေရာဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း ဖားဆောင်းနှင့်အခြေခံပညာအထက်တန်းကျောင်းခွဲ(ခဲမဖြူ) ပညာရတနာခန်းမဆောင်အတွင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများမိနစ်(၃၀)ခန့် နားနေစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို(၂-၆-၂၀၂၂)ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးမည်ဖြစ်ပြီး ထိုးနှံပေးမည့်ဆေးအမျိုးအစားမှာ Sinopharm ဆေးအမျိုးအစားဖြစ်ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)