အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ကြို့ပင်ကောက် ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားနေကြသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၂ ရက်နေ့တွင် အ.ထ.က(ပန်းတင်)၊ အ.ထ.က(ကြို့ပင်ကောက်)နှင့် အ.ထ.က(ဘုရင့်နောင်)ကျောင်းတို့ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား Sinopharm ကာကွယ်ဆေးစတင်ထိုးနှံပေးကြောင်း၊ ၂၈ ရက်အကြာတွင် ဒုတိယအကြိမ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နောက်ရက်များတွင် တစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း KG တန်းမှ Grade-5 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူ ၇,၅၀၀ ကျော်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများအား အားပေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)