မင်းလှမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အောက်‌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

မင်းလှ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ ယနေ့ကျောင်းစတင်ဖွင့်ရက်၌ တက်ရောက်ပညာသင်ကြား‌သည့် အသက်(၅)နှစ်မှ (၁၂)နှစ် အောက် အရွယ်ကျောင်းသား/သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်နေရာများ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆေးထိုးနှံခြင်းအစီအစဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမူရေးအသင်းအဖွဲ့များ၊ ရပ်/ ကျေး စာရေးဝန်ထမ်းများပူး‌ပေါင်း‌ကာ ဆေးထိုးစုရပ်နေရာများဖြစ်သည့် အခြေခံပပညာကျောင်းများတွင် ကျောင်းခွဲများအလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ‌သည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်းမှအသက်(၅)နှစ်မှ (၁၂)နှစ်အောက် အရွယ်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၀၇၂ ဦးကို ကာကွယ် ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့မှ ၂၄ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ထိုးနှံပေးမည့်ဆေးအမျိုးအစားများမှာ Sinopharm နှင့် Myancopharm တို့ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)