ပွင့်ဖြူမြို့နယ် သစ်ပုတီးကုန်းကျေးရွာတွင် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး

ပွင့်ဖြူ       စက်တင်ဘာ       ၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက် လည်ပတ်မတည် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ကို ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၄ ရက် ၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် မြစိမ်းရောင် စီမံကိန်းဝင် သစ်ပုတီးကုန်းကျေးရွာရှိ စီမံကိန်းဝင်အသင်းသားများအား ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော် က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းတွင် လိုက်နာရမည့် မူဘောင်များ ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ အားသာချက် ၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သစ်ပုတီးကုန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသား ၊ အသင်းသူများက စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေ တိုးပွားရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တင်ပြဆွေးနွေးကြရာ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေးနှင့် ငွေစာရင်းမှတ်တမ်းများ တိကျမှန်ကန်စွာ ဖြည့်စွက်ရေးသွင်း ထိန်းသိမ်းထားရှိရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် သစ်ပုတီးကုန်းကျေးရွာရှိ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် စီမံကိန်းဝင်အသင်းသား (၁၀၀)ဦးအား မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ် ၄၅၂ သန်းအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ အသင်းသားတစ်ဦးချင်းစီ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )