ကောလင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ပုံစံ (၁၀-က)ဖြင့် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေး

ကောလင်း စက်တင်ဘာ ၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကောလင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ပုံစံ(၁၀-က) ဖြင့် ကပ်ထားကြေညာခြင်းကို သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတို့၌ ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်အရ မြို့နယ်အတွင်းပြည်သူများ ဆန္ဒမဲပေးရာတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် စာရင်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ(၄)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃)မှ (၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ(၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)မှ(၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ချင်းတိုင်းရင်းသားလူမျိုး)မှ(၁၁)ဦး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ရှမ်းတိုင်းရင်းသား လူမျိုး)မှ(၇)ဦးတို့က  ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ပြီး ကောလင်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ပေါင်း (၅၄)အုပ်စု၊အိမ်ထောင်စု (၃၃၀၅၄)၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ကျား(၅၃,၆၇၆)ဦး၊ မ(၅၉၈၇၇)ဦး  စုစုပေါင်း(၁၁၃,၅၅၃)ဦး ဖြစ်ပြီး မဲရုံပေါင်း (၁၃၃)ရုံ ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း (ကောလင်း)