ပြည် ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူရန် ကျောင်းလာတက်သော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပို့လာသည့် မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိသည်။
ကျောင်းလာတက်သည့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အပါဝင် အခြားဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေးအတွက် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကူညီစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး KG တန်းမှ Grade-11 အထိ အတန်းအလိုက် ဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက် ၉ နာရီကစတင်၍ သက်ဆိုင်ရာဘာသာရပ်များ အေးချမ်းစွာ သင်ကြားပို့ချပေးလျက်ရှိကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးလျက်ရှိသည်။
ပြည်မြို့နယ်တွင် အခြေခံပညာ(ထက်/လယ်/မူ) ကျောင်းပေါင်း (၁၈၈)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၆)ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၁၇)ကျောင်း အပါအဝင် စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၂၁)ကျောင်းရှိပြီး အဆိုပါကျောင်းများ၌ ယခုပညာသင်နှစ်တွင် ယမန်နှစ်ထက် ကျောင်းအပ်နှံသူတိုးတက် များပြားကြောင်း၊ ပြည်မြို့နယ်၏ လက်ရှိကျောင်းအပ်နှံမှုအခြေအနေမှာ မူလတန်းအဆင့် ၁၉၃၉၇ ဦး၊ အလယ်တန်းအဆင့် ၆၉၉၄ ဦးနှင့် အထက်တန်းအဆင့် ၂၁၃၃ ဦး၊ စုစုပေါင်း ၂၈၅၂၄ ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမှုများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ခရိုင်ပြန်/ဆက်