၂၀၂၂-၂၀၂၃ ပညာသင်နှစ် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဟင်္သာတ)တွင် ဇွန်လ ၂ ရက်နေ့မှစ၍ ပထမနှစ်သင်တန်းသားများစာသင်ကြား

ဟင်္သာတ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်းကို ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း သည် (၃) နှစ်သင်တန်းဖြစ်ပြီး သင်ကြားသည့် ဘာသာရပ်များမှာ အဆောက်အဦ နည်းပညာ (Building Technology)၊ အီလက်ထရောနစ် နည်းပညာ (Electronic Technology)၊ လျှပ်စစ် နည်းပညာ (Electrical Technology)၊ မော်တော်ယာဉ် နည်းပညာ (Automotive Technology)နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာ (Machining Technology) တို့ဖြစ်သည်။

အဆိုပါ သင်တန်းကို တက်ရောက်ပြီးစီးပါက အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိမည်ဖြစ်ပြီး ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/သူများသည် GTI , GTC များသို့ ဆက်လက် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အစိုးရနည်းပညာ အထက်တန်းကျောင်းကို ဇွန်လ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် ပထနှစ်သင်တန်း တက်ရောက်ရန် စာရင်းသွင်းထားသူ ၆၅ ဦးတွင် ၄၈ ဦး စတင်တက်ရောက်လျက်ရှိကြောင်းနှင့်  ဒုတိယနှစ် သင်တန်းတက်ရောက်ရန် ၁၃၃ ဦး ရှိကြောင်း သိရသည်။

စန္ဒာခင် (ခရိုင် ပြန်/ဆက်)