ဒေးဒရဲ ဇွန် ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် လိုအပ်လျက်ရှိသော အရည် အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် ယူရီးယား ဓာတ်မြေသြဇာအိတ်များကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မိုးစပါးစိုက်ပျိုးရာသီ တွင် တောင်သူများ လိုအပ်လျက်ရှိသော ဓာတ်မြေသြဇာအိတ်များကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး၊ အမှန်တကယ်လိုအပ်လျက်ရှိသော တောင်သူများလက်ဝယ်အရောက် ရောင်းချပေးနိုင်ရေးအတွက် တက်ရောက်လာသူများက အကြံပြုချက်များ ဆွေးနွေးပေးရန် ပြောကြားခဲ့ရာ တက်ရောက်လာသော မြို့နယ်ဖြန့်ဖြူးရေး ကော်မတီဝင်များနှင့် အရောင်း ကိုယ်စားလှယ်ဆိုင် (၁၄)ဆိုင်မှ တာဝန်ရှိသူများက ဆွေးနွေးအကြုံပြုခြင်းများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း