မြောင်းမြ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစတင် တက်ရောက် ပညာသင်ကြားနေကြောင်း သိရ သည်။
မြောင်းမြမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းအပ် နှံသော ကျောင်းသား၊ ကျောင်းသူများမှာ လေးသောင်းငါးထောင်ကျော်ရှိပြီး ရာနှုန်းပြည့် ကျော်လွန် အပ်နှံကြောင်း သိရသည်။ ကျောင်းစတင် တက်ရောက်သည့် ဇွန်လ ၂ ရက်နေ့မှ စတင်၍ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကလေးများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ပြီး၊ ကာကွယ်ဆေးထိုးရခြင်းနှင့် ပတ်သက်ပြီး ကျောင်းသား ကျောင်းသူများ၏ မိဘများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်တို့က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးသက် ဦးဆောင်၍ အစုအဖွဲ့များခွဲကာ ကျောင်းအသီးသီးကို လိုက်လံထိုးပေးမှာဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)